ဆရာဝန်ညွှန်ကြားချက် မပါပဲ ဆေးသောက်လို့ရလား
တစ်ခါတစ်လေ နှာစေး၊ ချောင်းဆိုး၊ ဖျားနာတဲ့အချိန် ဆေးရုံဆေးခန်းသွားဖို့ အဆင််မပြေတာ၊ ဆရာဝန်မပြဖြစ်ပဲ ဆေးဆိုင်ကပဲ ဆေးဝယ်သောက်ရတဲ့ အခြေအနေမျိုး ကြုံဖူးမှာပါ။ ဒီလိုမျိုး ဆရာဝန် ညွှန်ကြားချက်မပါပဲ ဆေးသောက်လို့ရလား? ဘာတွေသတိထားဖို့ လိုမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
ဆရာဝန် ဆေးညွှန်းစာမလိုပဲ ဆေးသောက်လို့ရလား?
တဆေးဝါးတွေမှာ Over-the-Counter (OTC) လို့ခေါ်တဲ့ ဆေးညွှန်းစာမပါပဲ ဆေးကောင်တာ၊ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးဝါးနဲ့ Prescription-only-Medicine (POM) ဆိုတဲ့ ဆေးညွှန်းစာနဲ့မှ သောက်လို့ရတဲ့ ဆေးဆိုပြီး ၂ မျိုးရှိပါတယ်။ ဒါ့ကြောင့် တစ်ချို့အိမ်သုံးဆေးဝါးတွေက ဆရာဝန် ညွှန်ကြားချက် ယူဖို့ မလိုပါဘူး။
ဘယ်လိုဆေးတွေကို ဆေးညွှန်းမလိုပဲ သောက်လို့ရလဲ?
ဥပမာ- ပါရာစီတမောလို အကိုက်အခဲပျောက်ဆေးတွေ၊ ချောင်းဆိုးဖျားနာပျောက်ဆေး၊ ဝမ်းပျက်ချိန်သောက်တဲ့ ဓါတ်ဆား၊ ဝမ်းနှုတ်ဆေး၊ ဗီတာမင်အားဆေး စတဲ့ ဆေးတွေဟာ ဆရာဝန်ရဲ့ ညွှန်ကြားချက်မလိုပါဘူး။ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါအတွက် အသုံးပြုတဲ့ဆေးဝါးတွေ၊ ပိုးသတ်ဆေး စတဲ့ ဆေးတွေကတော့ ဆရာဝန်ရဲ့ ဆေးစာနဲ့မှ ဝယ်ယူနိုင်မယ့် POM ဆေးတွေဖြစ်ပါတယ်။
OTC ဆေးတွေက အန္တရာယ်မရှိတဲ့ ဆေးဝါးတွေလား?
ဆေးတိုင်းမှာ အာနိသင်ရှိသလို ဘေးထွက်ဆိုးကျိုးလဲ အမြဲ ရှိပြီးသားပါ။ ‘တန်ဆေး လွန်ဘေး’ ဆိုတဲ့အတိုင်း ဆေးရဲ့ ပမာဏကို လိုတာထက် ပိုသုံးမိရင်တော့ အန္တရာယ်မကင်းနိုင်ပါဘူး။ OTC ဆေးတွေက ဆရာဝန်ညွှန်ကြားချက် မလိုဘူး၊ အလွယ်တကူ ဝယ်သောက်နိုင်တယ်ဆိုပေမယ့် ကိုယ့်သဘောနဲ့ကိုယ် မဆင်မခြင် သောက်လို့မရပါဘူး။ အသက်အရွယ်အလိုက် ရောဂါအခြေအနေအရ သင့်တော်တဲ့ ပမာဏပဲ သောက်ရမှာ ဖြစ်ပါတယ်။
OTC ဆေးတွေကို ဘယ်လိုသောက်ရမလဲ?
ဆေးရဲ့ ဘူးခွံ ၊ ကဒ် ဒါမှမဟုတ် ဆေးဘူးထဲက ဆေးစာရွက်မှာ ဆေးရဲ့ နာမည်၊ ဆေးရဲ့ ပါဝင်ပစ္စည်း၊ ဘယ်လောက်ပမာဏပါဝင်တယ်၊ ဘယ်လို ရောဂါအတွက် အသုံးပြုလို့ရတယ် စတဲ့ အချက်တွေအပြင် ဘယ်လိုသောက်သုံးရမယ်ဆိုတဲ့ အညွှန်းပါဝင်ပါတယ်။ ဒါ့ကြောင့် ဆေးမသောက်ခင်မှာ ဒီ ဆေးညွှန်းတွေကို သေသေချာချာ ဖတ်ပေးဖို့ လိုပါတယ်။တကယ်လို့ ဆေးသောက်ပုံ နည်းစနစ်ကို နားမလည်ဘူး၊ မသေချာဘူးဆိုရင် ဆေးဆိုင်မှ ဆေးဝါးပညာရှင်၊ ဆေးအကြောင်းနားလည်တဲ့ ဆေးရောင်းသူကို သေချာ မေးမြန်းလို့ ရပါတယ်။
ဆေးသောက်နေချိန် ဘေးထွက်ဆိုးကျိုး ကြုံခဲ့ရင် ဘာလုပ်ရမလဲ?
ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိပြီးသားဖြစ်လို့ OTC ဆေးတွေကလဲ ဆေးမတည့်တာ၊ ပမာဏများသွားတဲ့အခါမျိုးမှာ မထင်မှတ်ပဲ ဘေးထွက်ဆိုးကျိုး ခံစားရတာ ရှိနိုင်ပါတယ်။ ဒီလိုမျိုး ဆေးသောက်နေရင်းနဲ့ ထူးခြားမှု တစ်စုံတစ်ရာ ဖြစ်ခဲ့တယ်ဆိုရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံမှာ ဆွေးနွေးကုသသင့်ပါတယ်။
အခုဆိုရင် ဆေးညွှန်းစာမလိုပဲ သောက်လို့ရတဲ့ Over-the-Counter (OTC) ဆေးတွေအကြောင်းကို ပြောပြခဲ့တာပါ။ ဆရာဝန်ညွှန်ကြားချက်မလိုဘူးဆိုပေမယ့်လဲ ဒီဆေးတွေကို မလိုအပ်ပဲ မသောက်ဖို့ အရေးကြီးသလို ဆေးညွှန်းမှာ ပါဝင်တဲ့ပမာဏအတိုင်း မှန်မှန်ကန်ကန် သောက်ပေးဖို့ လိုတယ်ဆိုတဲ့အကြောင်း ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)